 |
 |
| |
၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က ကျရောက်သော Htoo Group of Companies ၏ နှစ်ပတ်လည် အခမ်းအနားတွင် Chairman ဦးတေဇက ဘောလုံးအသင်း တည်ထောင်ရန် ညွှန်ကြားခဲ့သဖြင့် ထိုစဉ်က ပထမတန်း ကလပ်အသင်း တစ်သင်း ဖြစ်သော VIVA ဘောလုံး အသင်းအား ၀ယ်ယူ၍ Air Bagan FC အမည်ပြောင်းကာ ၂၀၀၇ ခုနှစ် ဘောလုံးရာသီ ပထမတန်း ပြိုင်ပွဲအား စတင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးရာသီမှာပင် အမှတ်ပေး ချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့သဖြင့် အဆင့်မြင့်တန်းသို့ တက်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
၂၀၀၈ ခုနှစ် ဘောလုံးရာသီ အဆင့်မြင့်တန်း အမှတ်ပေး ပြိုင်ပွဲတွင် Air Bagan FC သည် လူငယ် ကစားသမားများကို အခြေခံကာ အဆင့်(၅)နေရာ ရပ်တည်နိုင်ခဲ့သည်။ |
| |
 |
| |
၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာဘောလုံးလောက၏ အကြီးမားဆုံး ပြောင်းလဲမှုအဖြစ် အပျော်တမ်း အဆင့်မှ Professional အဆင့်သို့ ပြောင်းလဲခဲ့ရာ Air Bagan FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီး ကိုယ်စားပြုပြီး Yangon United Football Club အမည်ဖြင့် ၂၀၀၉ ခုနှစ် ဘောလုံးရာသီတွင် စတင်ပြိုင်ပွဲဝင်ခဲ့သည်။ ၂၀၀၉ ရာသီတွင်ပင် ထိုင်းနိုင်ငံမှ BEC Tero Sasana FC နှင့် မိတ်ဖွဲ့ခဲ့သည်။
၂၀၀၉ ဘောလုံးရာသီ၏ ရှုံးထွက်ဖလားပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး ရတနာပုံအသင်းကို ပယ်နယ်တီဖြင့်ရှုံးကာ ဒုတိယဆု ရရှိခဲ့သည်။ စီနီယာ အသင်းကြီးက မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ပြိုင်ပွဲတွင် အဆင့်(၄) နေရာ ရပ်တည်နိုင်ခဲ့သော်လည်း ရန်ကုန်ယူနိုက်တက် အရန်အသင်းက ပထမဆုံး ကျင်းပသည့် နေရှင်နယ်လိဂ် အရန်အသင်းများ အမှတ်ပေး ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
၂၀၁၀ ဘောလုံးရာသီ၏ ရှုံးထွက်ဖလားပြိုင်ပွဲတွင် ဆောက်သမ်းမြန်မာအသင်းကို ရှုံးပြီး အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသလို အမှတ်ပေး ပြိုင်ပွဲတွင်လည်း တတိယနေရာသာ ရရှိခဲ့သည်။ သို့ရာတွင် ရန်ကုန်ယူနိုက်တက် အရန်အသင်းကမှု တစ်ရာသီလုံး ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေး ချန်ပီယံဆုကို ၂-နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။ |
| |
 |
| |
 |
| |
|
၂၀၁၁ ဘောလုံးရာသီကမှု ရန်ကုန်ယူနိုက်တက်အသင်း၏ အအောင်မြင်ဆုံး ဘောလုံးရာသီဖြစ်ခဲ့သည်။ အမှတ်ပေးချန်ပီယံဆုဖလားကို ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သလို ရှုံးထွက်ဖလား ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင် ခဲ့သည်။ ၂၀၁၁ ဘောလုံးရာသီ ချန်ပီယံ ဖြစ်ခဲ့သောကြောင့် အာရှတိုက်၏ ဒုတိယအဆင့်အမြင့်ဆုံး AFC Cup ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ဧရာဝတီ ယူနိုက်တက် အသင်းနှင့်အတူ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ သို့ရာတွင် ၂-နှစ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့သော ရန်ကုန်ယူနိုက်တက် အရန်အသင်းကမှု ရတနာပုံအောက် ဒုတိယ နေရာသာ ရပ်တည်နိုင်ခဲ့သည်။ |
| |
 |
| |
|
၂၀၁၂ ဘောလုံးရာသီ၏ ပထမဆုံးပြိုင်ပွဲအဖြစ် AFC Cup ပြိုင်ပွဲကို ၀င်ရောက် ဆင်နွှဲခဲ့သော်လည်း ခြေစွမ်းမပြနိုင်ခဲ့ဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ သို့ရာတွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ချန်ပီယံဆုကို ၂-နှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ရှုံးထွက်ဖလားပြိုင်ပွဲဝင်ရန် ပြင်ဆင်လျက်ရှိသည်။ ထို့အတူ ရန်ကုန်ယူနိုက်တက် အရန်အသင်းကလည်း (၉)ပွဲ ကစားပြီး လက်ကျန် (၄)ပွဲ ကျန်တော့ချိန်တွင် အမှတ်ပေး ဇယား ထိပ်ဆုံးတွင် ရပ်တည်နေပြီး ယမန်နှစ်က လက်လွတ်ခဲ့သည့် ဆုဖလားကို ပြန်လည် ရရှိရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ |