User Login
Yangon United FC  
Latest News : Updated on Jul 27, 2010


YUFC အရန်အသင်း ဒယ်လ်တာအသင်းကို 3 ဂိုး 1 ဂိုးဖြင့် အနိုင်ရ

 
  ယနေ့ညနေ 4 နာရီက ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် မြန်မာနေရှင်နယ်လိဂ် အရန်အသင်းများ ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒယ်လ်တာ အသင်းတို့ ယှဉ်ပြိုင်ကစားရာ ရန်ကုန်ယူနိုက်တက်အသင်းက 3 ဂိုး 1 ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ပွဲအစပိုင်းတွင် ရန်ကုန်အသင်း အချိတ်အဆက်မိမိဖြင့် ကစားခဲ့ရာ 2 မိနစ်တွင်ပင် ရန်ကုန်အသင်းမှ နေလင်းထွန်း လူကျွံထောင်ချောက်ကို ပါးပါးနပ်နပ် ဖြတ်ကျော်ပြီး ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့ပြီး အပိုင်ကန်ခွင့်ရသော်လည်း တွေဝေနေသဖြင့် ဒယ်လ်တာနောက်တန်းကစားသမားများ၏ ဖျက်ထုတ်ခြင်းကို ခံလိုက်ရသဖြင့် YUFC အသင်းအပိုင်အခွင့်အရေး တစ်ခုနစ်နာခဲ့ရသည်။
6 မိနစ်တွင် ဒယ်လ်တာမှ မျိုးကျော်အောင် ဂိုးသမားနှင့် တစ်ယောက်ချင်းအတွေ့ ဂိုးသမားကို ကျော်ပြီးကန်သွင်းရာ ဂိုးတိုင်ကျော်သွားသဖြင့် ရန်ကုန်တို့ တစ်ဂိုးသက်သာရာ ရခဲ့သည်။ ပထမပိုင်း 6 မိနစ်ခန့် ရန်ကုန်အသင်း ဖိကစားနိုင်သော်လည်း 7 မိနစ်ခန့်မှ စ၍ ဒယ်လ်တာအသင်းက ပြန်လည်ဖိကစားနိုင်လာသဖြင့် ပွဲက အကြိတ်အနယ်ရှိလာခဲ့သည်။ အထူးသဖြင့် ဒယ်လ်တာအသင်းမှ မြန်မာလက်ရွေးစင်ကစားသမားဟောင်း စိုးသီဟအောင်က ရန်ကုန်အသင်းကွင်းလယ်ကို ဖြတ်တောက် ကစားနိုင်ခဲ့သဖြင့် ရန်ကုန်အသင်း ခံစစ်ဖြင့် ပြန်လည်ကစားခဲ့ရသည်။ 8 မိနစ်တွင် ဒယ်လ်တာအသင်း ညာတောင်ပံမှ ဖြတ်ပို့ပေးသည့် ဘောလုံးကို ဒယ်လ်တာရှေ့တန်းလူ မျိုးကျော်အောင် အပိုင်ပိတ်ခွင့်ရသော်လည်း အပေါ်ထောင်သွားသည့်အတွက် ရန်ကုန်တို့ တစ်ဂိုးသက်သာရာ ရခဲ့ပြန်သည်။
မိနစ် 20 နောက်ပိုင်းတွင်မူ ရန်ကုန်အသင်း ဒယ်လ်တာအသင်းဘက်သို့ ပြန်ဖိကစားလာနိုင်သည်။ 21 မိနစ်တွင် ကောင်းစည်သူ ပယ်နယ်တီဧရိယာအစပ်မှ အမှတ်မထင်လှမ်းကန်သည်ကို ဒယ်လ်တာဂိုးသမားကာကွယ်နိုင်ခဲ့သည်။ 29 မိနစ်တွင်လည်း ကောင်းစည်သူ ဂိုးသမားရှေ့ထွက်နေသည်ကို အသာအယာကျော်ချကန်သွင်းသော်လည်း ဒယ်လ်တာ ဂိုးသမား လက်အစွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ 34 မိနစ်တွင် ရန်ကုန်အသင်းမှ ပြည့်ဖြိုးအောင် အဝေးမှ လှမ်းကန်ချက် ကောင်းမွန်သော်လည်း ဒယ်လ်တာဂိုးသမား ကာကွယ်နိုင်ခဲ့ပြန်သည်။
ပထမပိုင်း 45 မိနစ်တွင် ရန်ကုန်အသင်းအနေဖြင့် ယခင်ပွဲများက ခြေစွမ်းကိုပြန်မရပဲ အမှားမှားအယွင်းယွင်းများ အများအပြားဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ဒယ်လ်တာအသင်းက ရန်ကုန်အသင်း ဘယ်နောက်ခံ သက်လွင်ဝင်းနေရာမှ အဓိကထား ထိုးဖောက်သွားခဲ့ပြီး ရန်ကုန်နောက်တန်း ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရသည်။ ရန်ကုန်အသင်းရှေ့တန်းလူများအနေဖြင့်လည်း ပထမပိုင်းတွင် ဂိုးဖန်တီးနိုင်မူ့နှင့် ဂိုးကန်သွင်းယူမူ အပိုင်းတွင် အားနည်းခဲ့သည်။

ဒုတိယပိုင်းတွင်မူ ရန်ကုန်တို့ ယခင်ခြေစွမ်းကို ပြန်ရခဲ့သည်၊ တစ်ဦးကောင်း ကစားခြင်းမျိုးထက် ကစားကွက် ပုံဖော်ကစားလာသဖြင့် ကွင်းလယ်ကိုလည်း စိုးမိုးလာနိုင်ခဲ့သည်။ ဒုတိယပိုင်းသည် ရန်ကုန်ယူနိုက်တက်ပွဲဖြစ်ခဲ့သည်။ ပထမပိုင်းကဖြစ်ခဲ့သော မှားယွင်းမူများကို ဒုတိယပိုင်းတွင် အကောင်းဆုံးချေဖျက်နိုင်ခဲ့သည်။
ဒုတိယပိုင်း စလျင်စချင်း ရန်ကုန်ယူနိုက်တက်အသင်း လျင်လျင်မြန်မြန်ဖြင့် တစ်သင်းလုံး ဆင်းတက်ကစားနိုင်ခဲ့ရာ 46 မိနစ်တွင်ပင် ပြည့်ဖြိုးအောင်က ဇင်မင်းဦး၏ ပြေးလမ်းထဲ ဘောလုံးခင်းပေးရာ ဇင်မင်းဦး အပိုင်ကန်ခွင့်ရသော်လည်း ဂိုးတိုင်ပေါ်မှ ကျော်သွားသဖြင့် ရန်ကုန်တို့ အပိုင်အခွင့်အရေးတစ်ခု နစ်နာခဲ့ရသည်။ ရန်ကုန်အသင်းဆက်တိုက် ဖိကစားနေရာ 47 မိနစ်တွင် ဒယ်လ်တာအသင်း၏ ပယ်နယ်တီအစပ်နားတွင် ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့သည်။ ၎င်းပြစ်ဒဏ်ဘောကို ဇင်မင်းဦး အသာအယာတင်ပို့ပေးရာ ရန်ကုန်အသင်းနောက်တန်းကစားသမား ဇော်မျိုးထွန်းက ပိတ်သွင်းပြီး ရန်ကုန်တို့ ဦးဆောင်ဂိုး ရရှိခဲ့သည်။ ရန်ကုန်အသင်းဦးဆောင်ဂိုး ရရှိသော်လည်း ဆက်တိုက်ဖိကစားနေရာ 49 မိနစ်နှင့် 56 မိနစ်တွင် လွင်ကိုနိုင်ကန်ခွင့်ရခဲ့သေးသော်လည်း ဒယ်လ်တာဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ 60 မိနစ်တွင် ဒယ်လ်တာမှ မျိုးဇော်ထိုက် ဂိုးသမားနှင့် တစ်ယောက်ချင်းအတွေ့ အပိုင်ကန်ခွင့်ရခဲ့သော်လည်း ရန်ကုန်ဂိုးသမား နိုင်ဇေယျာထွန်း အစွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ 63 မိနစ်တွင် နေလင်းထွန်း ညာတောင်ပံမှ ထိုးဖောက်ပြီး အပြင်းကန်သွင်းရာ ဂိုးတိုင်ထိထွက်လာရာ ကောင်းစည်သူ ပြေးဝင်ပိတ်သွင်းသော်လည်း ဘေးထွက်သွားခဲ့သည်။
ပွဲကစားချိန် 64 မိနစ်တွင် ရန်ကုန်အသင်းမှ နေလင်းထွန်းအစား ဇော်ဝင်း လူစားလဲ ၀င်ရောက်ကစားသည်။ ချေပဂိုးရရန် ဒယ်လ်တာအသင်း ကြိုးစားလာရာ 66 မိနစ်တွင် ဒယ်လ်တာမှ မင်းမင်းထွန်း အပိုင်ကန်ခွင့်ရရာ ရန်ကုန်အသင်း ဂိုးသမား နိုင်ဇေယျာထွန်း အစွမ်းပြ ကာကွယ်နိုင်ခဲ့သည်။ 69 မိနစ်တွင် ရန်ကုန်အသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ဒုတိယဂိုးကို ရန်ကုန်ယူနိုက်တက် ရှေ့တန်းကစားသမား လွင်ကိုနိုင်က ဂိုးသမား၏ ဘယ်ဘက်ထောင့်ကို ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ 76 မိနစ်တွင် ဒယ်လ်တာအသင်းမှ မျိုးဇော်ထိုက် ဘောလုံးဆွဲလာရာ ရန်ကုန်မှ ဇော်မျိုးထွန်း မျက်နှာချင်းဆိုင် ဖျက်ထုတ်သော်လည်း ကွင်းလယ်ဒိုင်ဦးကျော်ကျော်မင်းက ဇော်မျိုးထွန်းကို အ၀ါကဒ်ပြား ပြသပြီး ပယ်နယ်တီ ပေးခဲ့သည်။ ထိုပယ်နယ်တီကို ဒယ်လ်တာအသင်းခေါင်းဆောင် စိုးသီဟအောင်က ဂိုးသမားဘယ်ဘက်ထောင့်သို့ ကန်သွင်းပြီး ချေပဂိုး တစ်ဂိုး ရရှိခဲ့သည်။ ချေပဂိုးတစ်ဂိုး ပေးလိုက်ရသဖြင့် ပြန်လည်တင်ကစားလာရာ ပွဲကကြည့်ကောင်းခဲ့သည်။
ပွဲကစားချိန် 86 မိနစ်တွင် ရန်ကုန်အသင်း ရှေ့တန်းတိုက်စစ်မူး ကောင်းစည်သူကို အောင်ကျော်ထွေးနှင့်လူစားလဲခဲ့သည်။ တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန်ကစားနေရာ 88 မိနစ်တွင် ရန်ကုန်တို့ အနိုင်သေချာစေမည် တတိယဂိုး ရရှိခဲ့သည်။ ယင်းဂိုးကို ပြည့်ဖြိုးအောင်မှာ လွင်ကိုနိုင်ကိုပေး၊ လွင်ကိုနိုင်မှ ဇင်မင်းဦး ပြေးလမ်းထဲ အသာအယာ မျှောချပေးသည်ကို ဇင်မင်းဦးက အပိုင်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ 90 မိနစ်တွင် ကွင်းလယ်လူ ပြည့်ဖြိုးအောင်နေရာကို ရမ်လာကျဲ့အို လူစားလဲ ၀င်ရောက်ကစားခဲ့သည်။ ပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဇော်မျိုးထွန်း၊ လွင်ကိုနိုင်၊ ဇင်မင်းဦး တို့၏ ဂိုးများဖြင့် 3 ဂိုး 1 ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက်အရန်အသင်းအနေဖြင့် ပထမပိုင်းတွင် ကစားသမားများ ယုံကြည်မူ လွန်ကဲနေမူပြီး တစ်ကိုယ်တော် ကစားနေမူများကြောင့် ပုံမှန်ကစားကွက် ပျောက်ဆုံးခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ ယခင်ခြေစွမ်းများအတိုင်း တစ်သင်းလုံး အတက်အဆင်းညီညီဖြင့် စုစုစည်းစည်း ကစားကွက်ဖော်ကစားနိုင်ခဲ့သော်ကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ပွဲတွင် ပါဝင်ကစားခဲ့ကြတဲ့ ကစားသမားများကတော့---

ဂိုး - နိုင်ဇေယျာထွန်း

နောက်တန်း - ရန်နိုင်ထွန်း၊ ဇော်မျိုးထွန်း၊ ကျော်ကျော်ထွန်း၊ သက်လွင်ဝင်း

အလယ်တန်း - ဇင်မင်းဦး၊ ပြည့်ဖြိုးအောင်(ရမ်လာကျဲအို)၊ နေလင်းထွန်း(ဇော်ဝင်း)၊ ရန်နိုင်အောင်

ရှေ့တန်း - ကောင်းစည်သူ(အောင်ကျော်ထွေး)၊ လွင်ကိုနိုင်

 
 
Comments
great lion
Friday 30 July 2010, 12:55 am
ဒယ်တာ ရသွားတဲ့ဂိုးက ဒိုင်လူကြီး မှားယွင်းစွာပေးလိုက်တဲ့ လက်ဆောင်ဂိုးကြီးပါဗျာ ။ စိုးသီဟအောင်လို ကစားသမားမျိုးပါတာတောင်
မကြာခဏဆိုသလို အခွင့်အရေးတွေရနေတဲ့ ခြေစွမ်းကောင်းကောင်းနဲ့ အနိုင်ရတာကို ၀မ်းမြောက်ပါတယ် ။ လူငယ်ချင်းတူရင် ရန်ကုန်က
လူငယ်တွေက ပိုကောင်းပါတယ် ။ ဒီလို လူငယ်တွေကို ပြုစုပျိုးထောင်ပေးပါဗျာ ။ နောက်အကယ်ဒမီဖွင့်နိုင်ဖို့လည်း ကြိုးစားပေးပါဦး ။

ရန်ကုန်လူငယ်အသင်းကို အားရကျေနပ်ပါကြောင်း
နောင်အနာဂါတ်အတွက် အများကြီးမျှော်လင့်ထားပါကြောင်း
အနာဂါတ်ရဲ့ အလင်းသစ်တို့ကို အားပေးလျှက်
June Moe Chit
Thursday 29 July 2010, 9:41 am
မကြည့်လိုက်ဘူး .......................................ဒါပေမယ့် အောင်မြင်မှု့တွေကို ဒီ မှာ မြင်ရလို့ ၀မ်းသာမိတယ်


အသင်းသား အားလုံး ကို မြင်ချင်သေးတယ် ဒီမှာပုံတွေ တင်ပေးဦးလေ သူတို့ရဲ့ အကြောင်းလေးတွေလည်း နဲနဲ ရှင်းပါဥိးလား သိချင်တယ်
king of yangon
Thursday 29 July 2010, 5:52 am
ဟုတ်ပါတယ် ရန်ကုန်ယူနိုက်အတက် အသင်းကြိး MML မှချန်ပိယန်ဆုရစေချင်ပါ ဒါမှ မန်းတလေးသားတွေ အပြောမခန့်ရမှာပါ :P
ကိုရွှေဘော်လုံးရွှေဘော်လုံး
Wednesday 28 July 2010, 7:11 am
ကျွန်တော်တို့ လိုချင်တာက အရံအသင်း ချန်ပီယံဆုထက် MNL ချန်ပီယံဆုပါ။ အသင်းကြီးရဲ့ နိုင်ပွဲကို စောင့်ကြိုပြီး ပျော်ချင်ပါသေးတယ်
အရံအသင်းအောင်ပွဲမှသည် အသင်းကြီးရဲ့ အောင်ပွဲဆီသို့ပေါ့နော်

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook