User Login
Yangon United FC  
Latest News : Updated on Jul 27, 2010


YUFC အသင်းကြီးအတွက် အရန်အသင်းတိုက်စစ်မူး လွင်ကိုနိုင်အား 3 နှစ်စာချုပ်ချုပ်ဆို

 
  ရန်ကုန်ယူနိုက်တက်အသင်းသည် အရန်အသင်းတွင် ခြေစွမ်းပြ ကစားလျက်ရှိသော ရှေ့တန်းတိုက်စစ်မူး လွင်ကိုနိုင်ကို အသင်းကြီးတွင် ကစားရန် Professional စာချုပ်ချုပ်ဆိုခဲ့သည်။ စာချုပ်မှာ 3 နှစ်စာချုပ်ဖြစ်ပြီး တစ်လလျှင် လစာ 3 သိန်းကျပ်ရရှိမည်ဖြစ်ပြီး အသင်းကြီးတွင် ကျော်နံပါတ် 30 ၀တ်ဆင်ကစားမည်ဖြစ်သည်။

Professional စာချုပ်ချုပ်ဆိုခဲ့ပြီးချိန်တွင် လွင်ကိုနိုင်အား ygnutd.com တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

ရန်ကုန်အရန်အသင်း ရှေ့တန်းတွင် ခြေစွမ်းပြ ကစားလျက်ရှိသော လွင်ကိုနိုင်ကို အဖဦးကျော်မြင့်၊ အမိ ဒေါ်အေးအေးရွှေတို့မှ ၁၉၉၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ပဲခူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဘောလုံးအားကစားကို ရူးသွပ်စွာနဲ့ စွဲလမ်းခဲ့ပြီး ပဲခူးမြို့မှာရှိတဲ့ မိုးလုံလေလုံအားကစားကွင်းထဲမှာ ဘောလုံးကန်ရင်း အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။

လွင်ကိုနိုင်ရဲ့ ဘ၀အချိုးအကွေ့က ၂၀၀၅ ခုနှစ်မှာစတင်ခဲ့ပါတယ်။ ပဲခူးမြို့ မိုးလုံလေလုံ အားကစားကွင်းမှာ ဘောလုံးကန် လေ့ကျင့်ခန်းဆင်းနေရင်း ဆရာတွေရဲ့ မျက်စိကျခြင်း ခံခဲ့ရပြီး ၂၀၀၅ - ၂၀၀၆ ခုနှစ် မှာပြုလုပ်တဲ့ အသက် ၁၃ နှစ်အောက်ပြည်နယ်နှင့်တိုင်းပွဲမှာ ပဲခူးတိုင်းကိုယ်စားပြုဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ပဲခူးတိုင်းအသင်းမှာ ရှေ့တန်းတိုက်စစ်မူးအဖြစ် ကျောနံပါတ် ၉ ကိုဝတ်ဆင်ကစားခဲ့ပြီး အဲဒီနှစ်မှာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ မွန်ပြည်နယ်နဲ့တွေ့ပြီး ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အသက် ၁၃ နှစ်အောက် ပြည်နယ်တိုင်း ကန်ပြီးတဲ့အချိန် ၂၀၀၆ - ၂၀၀၇ မှာအားကာသိပ္ပံက ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရပါတယ်။ အားကာသိပံ္ပမှာ အခြေခံဘောလုံးပညာတွေကို ၃ နှစ်သင်ယူခဲ့ပြီး ဘောလုံးအခြေခံတွေကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ၁၉ နှစ်အောက် ပြည်နယ်နှင့်တိုင်းပွဲမှာ ပဲခူးတိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ အဲဒီ ပြည်နယ်နှင့်တိုင်းပွဲမှာ မန္တလေးတိုင်းအသင်းကို ဖိုင်နယ်မှာ ပယ်နယ်တီနဲ့ အနိုင်ယူပြီး ပဲခူးတိုင်းရဲ့ ဂုဏ်ကိုဆောင်နိုင်ခဲ့ပြီး ဘ၀ရဲ့ ပထမဆုံး ချန်ပီယံဆု နဲ့ချန်ပီယံ အရသာကို မြည်းစမ်းခွင့် ရခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့လည်း ပွဲစဉ်အလိုက်အကောင်းဆုံးဆု နှစ်ကြိမ်ရရှိခဲ့ ပါတယ်။

၂၀၀၉ နှစ်ထဲမှာပဲ ရန်ကုန်ယူနိုက်တက်အသင်းက လှိုင်မြို့နယ် သံလမ်းအားကစားကွင်းမှာ အသင်းရဲ့ လူငယ်အကယ်ဒမီအတွက် လူရွေးပွဲလုပ်တော့ ပဲခူးကနေ လာရောက်အရွေးခံခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းက နိုင်ငံခြားနည်းပြ အဲရစ်ဝီလျံက ရန်ကုန်အသင်းလူငယ်အကယ်ဒမီအတွက် ရွေးချယ်တဲ့ အထဲမှာ လွင်ကိုနိုင်လည်းပါဝင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် လူငယ်အကယ် ဒမီကို ၁.၁.၂၀၁၀ မှာ သင်တန်းသားတစ်ယောက်အဖြစ်စတင်တက်ရောက်ခဲ့ပြီး ခေတ်မှီဘောလုံးနည်းစနစ်များကို သင်ယူခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ MNL အရန်အသင်းပြိုင်ပွဲအတွက် YUFC အရန်အသင်း အသင်းသားအဖြစ် အရွေးချယ်ခံခဲ့ရပြီး ယခုအခါ ရန်ကုန်ယူနိုက်တက် အရန်အသင်းတွင် ကျောနံပါတ် ၅၄ ၀တ်ဆင်ကာ ရှေ့တန်းတိုက်စစ်မူးအဖြစ် ခြေစွမ်းပြ ကစားလျက်ရှိသည်။

Q : လွင်ကိုနိုင်ရေ မင်းရဲ့လက်ဦးဆရာကိုပြောပါဦး?

Ans : ကျွန်တော်ရဲ့လက်ဦးဆရာကတော့ အားကာသိပံ္ပကဆရာဦးလင်းအောင်ဖြစ်ပါတယ်။ ဘောလုံးနဲ့ ပတ်သတ်တဲ့ အခြေခံ သဘောတရားတွေကို ဆရာက သေချာသင်ပြပေးခဲ့ပါတယ်။

Q : အားကျခဲ့ရတဲ့ ကစားသမားတွေရှိရင် ပြောပါဦး?

Ans : ရန်ကုန်ယူနိုက်တက်အသင်းက ကိုတင်ဝင်းအောင်နဲ့ ကိုကြည်လင်းတို့ကို ကျွန်တော်က အားကျခဲ့တာပါ။

Q : အရန်အသင်းပြိုင်ပွဲအတွက် အရွေးခံခဲ့ရပုံကို ပြောပါဦး?

Ans : ဒီအသက်အရွယ်နဲ့ ရန်ကုန်ယူနိုက်တက်လို အသင်းမှာ ကန်ရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ပါဘူး၊ ပထမအရန်အသင်းပြိုင်ပွဲအတွက် လူစာရင်းဖြတ်တဲ့အချိန်မှာ ကျွန်တော့်နာမည် မပါခဲ့ပါဘူး၊ ဒါပေမယ့် အယောက် ၃၀ စာရင်းဖြတ်တဲ့ အချိန်မှာ ကျွန်တော့်နာမည်ပါလာခဲ့တယ်။ ကျွန်တော်တို့ Gym ခန်းမှာ Meeting ထိုင်နေတဲ့အချိန် ဆရာတွေက ကမ္ဘောဇနဲ့ပွဲအတွက် lineup ဖတ်ပြတော့ ပထမကစားသမားစာရင်းမှာ ကျွန်တော့်နာမည်ပါလာတယ်။ အရမ်းဝမ်းသာပြီး အဲဒီညက ကျွန်တော်တစ်ညလုံး ဘယ်လိုမှ အိပ်လို့မရလောက်အောင် ပျော်ခဲ့ပါတယ်။

Q : ကမ္ဘောဇအသင်းနဲ့ ပထမဆုံး အတွေ့အကြုံကို ပြောပါဦး?

Ans : ကွင်းထဲဝင်တော့ စိတ်ဖိစီးမူတွေဝင်ပြီး စိုးရိမ်စိတ်များခဲ့ပါတယ်။ တစ်ကြိမ်တစ်ခါမှ လူအများကြီးနဲ့ အခုလိုကြီးကျယ်တဲ့ပွဲမျိုး မကန်ခဲ့ဖူးပါဘူး။ စိတ်ခံစားမူ ပြင်းထန်ပြီးတော့ ကိုယ့်ကိုကိုယ်တောင် ယုံကြည်မူ နည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆရာတွေရဲ့ လမ်းညွှန်မူ့နဲ့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။

Q : ပထမပွဲက စိတ်ဖိစီးမူများခဲ့တယ်ဆိုရင် ဇွဲကပင်နဲ့ ဒုတိယပွဲအကြောင်းကိုလည်း ဆက်ပြောပေးပါဦး?

Ans : ဇွဲကပင်နဲ့ပွဲမှာ သူတို့က အရင်ဂိုးသွင်းသွားပြီး အောင်ပွဲခံနေကြတဲ့အချိန်မှာ တော်တော်မခံချင်ဖြစ်မိတယ်။ အဲဒါကြောင့် အရမ်းကြိုးစားကစားခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။

Q : MNL အရန်အသင်းပြိုင်ပွဲမှာ စုစုပေါင်း ဘယ်နှစ်ဂိုးသွင်းနိုင်ခဲ့ပြီလဲ?

Ans : ဇွဲကပင်နဲ့ပွဲမှာ နှစ်ဂိုး၊ မကွေး၊ရတနာပုံနဲ့ဒယ်လ်တာ ပွဲတွေမှာ တစ်ဂိုးစီနဲ့ ခြောက်ပွဲကစားပြီးချိန်မှာ စုစုပေါင်း ငါးဂိုးသွင်းယူခဲ့ပြီးပါပြီ။

Q : ရန်ကုန်ယူနိုက်တက်အသင်းကြီးအတွက် Professional စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရတယ်၊ အသေးစိတ်ပြောပြပါဦး?

Ans : ကျွန်တော့်ကို တစ်လ သုံးသိန်းကျပ်နဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Q : အဲဒီအပေါ် လွင်ကိုနိုင်ခံစားရတာလေးကို ပြောပြပေးပါ?

Ans : ကျွန်တော်ကို အသင်းတာဝန်ရှိသူတွေက မင်းကို အသင်းကြီးအတွက် Professional စာချုပ်ချုပ်မယ်လို့ လာပြောတဲ့အချိန်မှာ မယုံနိုင်ခဲ့ပါဘူး။ ကျွန်တော့်အသက်အရွယ်နဲ့ ဘ၀မှာ ဒီလောက်များတဲ့ လစာငွေရလိမ့်မယ်လို့ မမျှော်မှန်းခဲ့ဖူးပါဘူး၊ အခုလို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းဝမ်းသာပြီး အိပ်လို့ မရနိုင်လောက်အောင် ပျော်နေတယ်ဗျာ။ မိဘတွေကိုလည်း ထောက်ပံ့နိုင်တော့မှာ ဖြစ်တဲ့အတွက် အတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါတယ်။

ygnutd.com မှ လွင်ကိုနိုင်ကို မေးမြန်းနေချိန်များတွင် ကစားသမားလေး၏ အပျော်က မေးမြန်းသူ၏ ရင်ထဲသို့တိုင် ရောက်ရှိခဲ့သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဆုကြေးစားကစားသမားဖြစ်ခဲ့သူ လွင်ကိုနိုင်အတွက်လည်း ၀မ်းမြောက်ပျော်ရွင်မိသည်။ လွင်ကိုနိုင်၏ မိဘများကလည်း သူတို့၏သားငယ်အတွက် ၀မ်းသာဂုဏ်ယူနေကြပေလိမ့်မည်။ လွင်ကိုနိုင်၏ အောင်မြင်မူအတွက် ဘ၀တူလူငယ် အကယ်ဒမီက ညီငယ်ကစားသမားလေးများကလည်း ၀မ်းသာမုဒိတာပွားနေကြပြီး သူတို့တွေလည်း ကြိုးစားပြီး အရည်အချင်းရှိလျှင် ရှိသလို လွင်ကိုနိုင်ကဲ့သို့ပင် Professional ကစားသမားအဖြစ် အောင်မြင်မူ၏ အသီးအပွင့်ကို ခံစားကြရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

 
 
Comments
nyein zaw lwin
Friday 30 July 2010, 10:04 pm
မင်းဟာဝါသနာနဲ့အနှစ်နာခံခဲ့လို့ဒီလိုနေရာရလာတာပါ။ဒီထက်ပိုကြီုးစားပြီးမင်းဘ၀တိုးတက်အောင်မြင်အောင်ကြိုးစားလိုက်စမ်းပါ။

omega
Friday 30 July 2010, 2:09 am
အားကိုးပါရစေ ညီလေးရယ်...ချန်ပီယံ ဆုဖလားကြီးကို ရယူနိုင်ဖို့ သူရဲကောင်း(၁) ယောက် ထပ်တိုးတာပေါ.။ CHEER !!!
great lion
Friday 30 July 2010, 1:04 am
ဟုတ်သားဗျာ ကိုစိုးမင်းရေ ကျေးဇူးပဲ ကျွန်တော်စိတ်ထဲ ပြည်ပကစားသမားသုံးဦးသာ စိတ်ထဲစွဲနေတာ ။ အာရှသားတစ်ယောက်ပါလို့
ရတဲ့ ၃ ၁ ကို သတိမရဘူးဗျ ဟီးးးးးးးးးးးး ။
ကောင်းစည်သူလည်း မဆိုးဘူးဆိုတာ မှန်ပါတယ် ။ လွင်ကိုနိုင်လို ကစားဖော်တွေကို နေရာလွတ်ရှာပေးပြီး ဖန်တီးမှုတွေ လုပ်ပေးနိုင်အောင် ကြိုးစားရင် သေချာပေါက် အသုံးတည့်မှာပါ ။ အဆုံးသတ်တွေကတော့ အားလုံးအားနဲကြပါတယ် ။
နှစ်ယောက်လုံးကို အသင်းကြီးမှာ ကစားတာတွေ့ချင်ပါတယ်ဗျာ ။ လူငယ်အသင်းက ကစားသမားတွေကို ဗဟိုပြုပြီး တည်ဆောင်နိုင်တဲ့ အသင်းဆိုရင် ပိုကောင်းမှာ အမှန်ပါ
soemin
Thursday 29 July 2010, 10:08 am
great lion ရေ
ပြည်ပကစားသမားက 3 ယောက်မဟုတ်ပါဘူး။ 4 ယောက်ပါ။ အဲဒီ 4 ယောက်ထဲက 1 ယောက်ကတော့ အာရှသားဖြစ်ရမှာပါ။

ဘာပဲပြောပြော လွင်ကိုနိုင်ရေ ကြိုးစားစမ်းကွာ။ ပြီးတော့ ကျွှန်တော့ မျက်စိထဲ ကောင်းစည်သူလဲ မဆိုးဘူးထင်တာပဲ။
June Moe Chit
Thursday 29 July 2010, 9:38 am
ကောင်းချီးပေးတယ် လွင်ကိုနိုင်

ဘ၀မှာ ၀ါသနာ ပါတာ နဲ့ လုပ်ဆောင်ရတာ မင်း ကံကောင်းတဲ့ လူသားပဲ
great lion
Thursday 29 July 2010, 7:02 am
အများကြီး မျှော်လင့်ပါတယ် ညီလေးရေ ။ ညီကစားတာကလည်း ကောင်းတယ်လေ ။ ခန္ဓာကိုယ် အရပ်အမောင်းလေးသေးနေတာ
အားငယ်စရာမဟုတ်ပါဘူး ။ ညီက စကေးပိုင်းကောင်းတာပဲ ။သေချာလေ့ကျင့်ရင် ကိုယ့်မှာရှိတဲ့လိုအပ်ချက်တွေ လျော့သွားမှာပါ ။
အခြားအရာတွေမှာ အားသာအောင်ကြိုးစားကွာ ။

၂၀၁၁ မှာ ပြည်ပကစားသမားက ၃ ဦးသာသုံးခွင့်ရှိတော့တာရယ် ဌာနေပြန်မယ့် ၀န်ထမ်းတွေရယ် ရှိတာကြောင့် အခွင့်အရေးကို
လက်မလွတ်စေချင်လို့ အကြံပေးလိုက်ပါတယ် ။

ကြိုးစားလိုက် ညီလေးရေ
မင်းကို တို့တွေ အားပေးနေပါတယ်
ရန်ကုန်အသင်းရဲ့ အချစ်တော် ကစားသမားဖြစ်ပါစေကွာ ။
ကိုရွှေဘော်လုံးရွှေဘော်လုံး
Thursday 29 July 2010, 12:27 am
ဒီလို အသက်ငယ်ငယ်နဲ့ အသင်းကြီးမှာ အရွေးခံရတာ လွင်ကိုနိုင်အတွက် ၀မ်းသာပါတယ်
ကောင်လေးရေ.. မင်းအသင်းကြီးမှာ ကစားခွင့်ရဖို့ကိုတော့ စိတ်ရှည်ရှည်နဲ့စောင့်ပါ
အသင်းကြီးက ကစားသမားတွေဆီက ကောင်းတဲ့အမူအကျင့်တွေကို အနီးကပ် စောင့်ကြည့်အတုခိုးပါ
မကောင်းတဲ့အကျင့်ဆိုးတွေကို အတုမယူမိစေနဲ့နော်
မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းကို မပျင်းမရိလုပ်ပါ
ဆုကြေးစားတစ်ယောက်ဟာ လေ့ကျင့်ခန်းမှာ ခိုလို့မရပါဘူး
အပျော်အပါးတွေဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်ဆိုတာမှတ်ထားပါ
အသင်းကြီးမှာ အောင်မြင်မှုရပါစေ
Phyu Htwe
Wednesday 28 July 2010, 11:11 am
အဓိကကတော. long time well plan management ပါဘဲ။ စေ.စပ်သေချာစိတ်ရှည် သည်းခံပြီးလုပ်တဲ.အလုပ်အတိုင်းဟာ အမှားအယွင်းနဲသလို အကျိုးယုတ်စရာအကြောင်းလည်းမမြင်မိပါဘူး။ If you got the champion mind you'll do follow as champion steps.Big Dream.... Play Hard .And then i can't go on ...... i'll go on.we can't go on
we go on.
Phyu Htwe
Wednesday 28 July 2010, 11:03 am
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ. အိပ်မက်ကိုတကယ်မက်ပြီး တကယ် အပင်အပန်းခံကြိုးစား ရုန်းကန်နေမှကိုယ်နဲ. ထိုက်တန်တဲ. အောင်မြင်မှုဆိုတာရောက်ရှိလာမှာ။ Real Madrid လိုနာမည်ကြီးတွေ အကုန်စုထားတာမျိုးနဲ. စာရင်အခုလို ငယ်မွေးခြံပေါက်တွေနဲ. စုစည်းမှုကို စတင်နိုင်တာအကောင်းဆုံးပါ။ ဘောလုံးမှာကိုယ်လူ.ရဲ. အားသာချက် အားနည်းချက်ကို သိနေမှတကယ်ပြိုင်ပွဲဝင်တဲ. အခါထိရောက်မှု ဘယ်လောက်ရှိတယ်ဆိုတာ ကစားသမားတိုင်းသိမှာပါ။ ရန်ကုန်ယူနိုက်တဲ.ရဲ. အောင်မြင်မှုအချိန်ရောက်လာတော.မှာမလွဲပါဘူး။ potential young academy players တွေရှိထားလို.နိုင်ငံအတွက်ပါအလားအလာကောင်းပါ။
Phyu Htwe
Wednesday 28 July 2010, 10:53 am
သူ.အရပ်အမောင်းနဲ. အသင်းကြီးကပြိုင်ဘက်တွေနဲ. ယှဉ်နိုင်.ပါ.မလားလို.တော. စိတ်ပူမိတယ်။ ဖြစ်နိုင်ရင် အရန်အသင်းရဲ. အဓိကတိုက်စစ်မှုးတစ်ယောက်အဖြစ်နှစ်ရာသီလောက် ကစားစေချင်သေးတယ်။ နိုင်ငံခြားသားplayersတွေကို ကျော်ဖြတ်ပြီးနေရာပေးမှာလား။ သူ.ခြေစွမ်းမပြနိုင်ခဲ.ရင်လည်းသူ.ညံနေလို.လို.မမြင်ဘဲ အချိန်မတိုင်သေးဘူးလို.ဘဲသတိရကြပါ။ register playerနာမည်ချည်းဘဲမဖြစ်စေဘဲလိုအပ်ရင် အရန်ပြန်ဆင်းကန် စေချင်တယ်။ အားကစားသမားအတွက်ပြိုင်ပွဲကစားနေရမှဓါးသွေးနေသလို တမြည်.မြည်.ထက်လာမှာလေ။ နာမည်ဂုဏ်ဒြပ်တွေနဲ. မပျော်မြူးမိစေနဲ.လွင်ကိုနိုင်ရေ။
chan chan
Wednesday 28 July 2010, 10:45 am
လွင်ကိုနိုင်ကို အရန်အသင်းပွဲတွေမှာကစားတာကိုကြည့်ကထဲက အသင်းကြီးမှာအရွေးခံစေချင်ပါတယ်။ အခုတော့ တကယ်ကိုအရွေးခံရပြီ။ သူကလည်းကစားတာ အရမ်းကောင်းပါတယ် လူကောင်လေးနည်းနည်းသေးနေတာပဲရှိပါတယ်။ ရန်ကုန်အသင်းရဲ့မျိုးဆက်သစ်လေးပါ။ အခုလိုအရွေးခံရတဲ့အတွက် လွင်ကိုနိုင်ကို လေးစားပါတယ်။ အသင်းကြီးမှာလည်း ခြေစွမ်းပြနိုင်ပါစေနော်
Kar Yan Thit
Wednesday 28 July 2010, 10:01 am
ဟုတ်ပါတယ် လွင်ကိုနိုင်ရေ...
ညီ့ရဲ့ အရပ်ကို ဒီထက်ပိုထွက်အောင်ကြိုးစားပါလို့ အကြံပြုချင်ပါတယ်..
ရှေ့တန်း တိုက်စစ်မှူးတစ်ယောက်အတွက် အရပ်အမောင်းကလဲ အရေးကြီးပါတယ်...

ညီ့ရဲ့ ပြေးအားကတော့ တကယ့်ကို အံ့မခန်းပါပဲကွာ...
ညီ့ကစားတာကို ကြည့်ရင်းတစ်ချိန်က အင်္ဂလန်ရဲ့ တိုက်စစ်မှူး မိုက်ကယ်အိုဝင် ရဲ့ ကစားပုံကို မြင်ယောင်မိပါတယ်ကွာ...

ကြိုးစားထားပါ.. တစ်ချိန်မှာ ရန်ကုန်ယူနိုက်တက်အတွက်ကော...
မြန်မာ နိုင်ငံအတွက်ပါ အားထားရတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...

Kar Yan Thit
cxitee
Wednesday 28 July 2010, 6:27 am
အောင်မြင်မှာ ပါ....
ဒါပေမယ့်နဲနဲ ဘော်ဒီတောင့် အောင်ကြိုးစားလိုက်ဦး... အရပ်လဲ ပုနေတယ်ညီလေး က ... ဒါပေမယ့် ပြေးနိုင် တယ်...ဒေးဗစ်ဒန်းလိုပေါ့ .... အကို တို့ က တော့ အားပေးနေမှာပါ...ဆက်လုပ်ပါ ညီလေး...
KoKo
Wednesday 28 July 2010, 6:10 am
မင်္ဂလာ သတင်းကောင်းတစ်ခုပါ။ ညီလေး လွင်ကိုနိုင် ဒီထက်ပို အောင်မြင်ပြီး ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာနိုင်ငံ ရဲ့ အားထားရတဲ့ ကြယ်တစ်ပွင့် ဖြစ်လာပါစေ . . . .
yanhlaingsoe
Wednesday 28 July 2010, 2:26 am
တကယ်လုပ်ထားသင့်တဲ့လုပ်ရပ်လို့မြင်မိပါတယ်...
သူက အလားအလာရှိပါတယ်...အရန်အသင်းမှာတောက်လျှောက်ဂိုးတွေသွင်းနေတာဘဲ...
အမြန်ဆုံး အသင်းကြီးက မရှိမဖြစ်ကစားသမားအဆင့်သို့ရောက်နိုင်ပါစေဗျာ....

လေးစားစွာဖြင့်
(ရန်လှိုင်)
KyawMinHtay
Tuesday 27 July 2010, 11:47 pm
အောင်မြင်ပါစေ ...
ရန်ကုန်ယူနိုက်တက်ရဲ့ ရှေ့တန်းတိုက်စစ်မှာ မြန်မာကစားသမားကောင်းတွေ လိုအပ်နေတဲ့အချိန် (ကျော်သူရ-ရာသီကုန်လျှင်ဌာနပြန်မည်) အခုလိုလူငယ်သွေးသစ် တိုက်စစ်မှူးကောင်းတစ်ယောက် မွေးထုတ်နိုင်တာ အလားအလာကောင်းပါတယ်။ ညီလေး လွင်ကိုနိုင်ရေ ကြိုးစားပါ တစ်ချိန်မှာ ရန်ကုန်ယူနိုက်တက်နဲ့ မြန်မာ့လက်ရွေးစင်မှာ အားထားရတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်နိုင်ပါစေ။
တစ်ခုအကြံပေးချင်တာက ဘယ်အခြေအနေရောက်ရောက် အောက်ခြေမလွတ်ပါနဲ့၊ ကြိုးစားမှုကို မလျှော့ပါနဲ့၊ အမြဲတမ်းပိုကြိုးစားပါ ... အောင်မြင်ပါစေ ...

(Maximum characters: 500)
You have characters left.
 
 
 
Advertisememt
     
  ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသော ကမ္ဘောဇအသင်းအား YUFC အသင်းမှ ကျေးဇူးအထူးတင်ရှိပါကြောင်း  
     
Yangon United Fan Club on Facebook